လည်ချောင်းနာတာ ဘတ်တီးရီးယားလား၊ ဗိုင်းရပ်စ်လား
လည်ချောင်းထဲမှာ ယားတယ်၊ ကျိန်းစပ်တယ်၊ နာတယ်ဆိုတာ များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပါတယ်။ သူ့ဟာသူ ပျောက်သွားတာများပါတယ်။ Streptococcus ဘတ်တီးရီးယားကြောင့်လည်း လည်ချောင်းနာတတ်ပါတယ်။ ဘတ်တီးရီးယားကြောင့် လည်ချောင်းနာရင်တော့ နောက်ဆက်တွဲတွေ လိုက်မလာအောင် ပိုးသတ်ဆေးသောက်ရပါတယ်။
လက္ခဏာတွေကတော့
- လည်ချောင်းထဲမှာ နာသလို ယားသလို ခံစားရတယ်
- မျိုချတဲ့အချိန်၊ စကားပြောတဲ့အချိန်မှာ ပိုနာတတ်တယ်
- မျိုချရ ခက်တယ်
- လည်ပင်းနဲ့ မေးရိုးနားက အကြိတ်တွေ ယောင်တတ်တယ်
- အာသီးယောင်မယ်၊ နီရဲနေမယ်
- အာသီးပေါ်မှာ အဖြူဖတ်တွေ၊ ပြည်တွေရှိနေတတ်တယ်
- အသံဩမယ်၊ လုံးထွေးနေမယ်
- ဖျားတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ နှာစေးတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ စတဲ့ လက္ခဏာတွေလည်း တွဲတွေ့ရတတ်ပါတယ်။
အကြောင်းအရင်းများ
ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းနဲ့တုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် လည်ချောင်းနာတာဟာ ဘတ်တီးရီးယားကြောင့် လည်ချောင်းနာတာ ထပ်ပိုအဖြစ်များပါတယ်။
ရာသီတုပ်ကွေး၊ ဖန်ခွက်တစ်ခုထဲ သုံးမိလို့ ရောဂါပိုးရှိသူရဲ့ တံတွေးကတစ်ဆင့် ကူးစက်တတ်တဲ့ Mononucleosis၊ ဝက်သက်၊ ရေကျောက်၊ Covid 19၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းယောင်တတ်တဲ့ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ Croup စတဲ့ရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေအားလုံး လည်ချောင်းနာစေနိုင်ပါတယ်။ ဘတ်တီးရီးယားထဲမှာတော့ Streptococcus pyogenes က လည်ချောင်းနာစေနိုင်ပါတယ်။
တခြားအကြောင်းအရင်းတွေကတော့
- မှို၊ ဖုန်နဲ့ ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တာ
- လည်ချောင်းခြောက်တာ
- ဆေးလိပ်အငွေ့၊ ကွမ်းဝါးတာ၊ အရက်၊ စပ်လွန်းတဲ့၊ ဆီမသန့်တဲ့ အစားအစာတွေ စားသောက်မိရင်
- စကားအကျယ်ကြီးပြောတာ၊ အော်ရတာကြောင့် လည်ချောင်းကြွက်သားကို သုံးတာများသွားတာ
- အစာအိမ်ထဲမှာ အက်စစ်တွေ အစာရေမျိုပြွန်ကို ပြန်တက်လာတတ်တဲ့ Gastroesophageal flux disease
- HIV ရောဂါ
- လည်ချောင်း၊ လျှာ၊ အသံအိုးကင်ဆာများ
- လည်ချောင်းထဲမှာ ပြည်တည်နာဖြစ်တာ စသည်တို့ဖြစ်ပါတယ်။
ဆရာဝန်နဲ့ ဘယ်အချိန်ပြသင့်သလဲ
ကလေးငယ်တွေဆိုရင်
- အသက်ရှူရခက်လာရင်၊
- မျိုချရ ခက်လာရင်၊
- တံတွေးတွေစီးကျနေရင် ဆရာဝန်ထံ ပြသသင့်ပါတယ်။
လူကြီးတွေမှာတော့
- လည်ချောင်းနာတာ တစ်ပတ်ကျော်ကြာတဲ့အထိ ကျန်ကာ ပိုဆိုးလာရင်၊ အသက်ရှူရခက်လာရင်၊
- မျိုချရ ခက်လာရင်၊
- ပါးစပ်ဖွင့်ရတာ ခက်လာရင်၊
- အဆစ်တွေနာရင်၊
- နားကိုက်ရင်၊
- အနီစက်တွေ ထွက်လာရင်၊
- ကိုယ်ပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက် (၃၈.၃ ဒီဂရီစင်တီဂရိတ်) ထပ်များရင်၊
- တံတွေးမှာ သွေးပါလာရင်၊
- မကြာခဏ လည်ချောင်းနာတာ ပြန်ပြန်ဖြစ်ရင်၊
- လည်ပင်းမှာ အလုံးဖြစ်ရင်၊
- အသံဩတာ နှစ်ပတ်အထက်ကြာလာပြီဆိုရင်၊
- မျက်နှာနဲ့ လည်ပင်းမှာ ယောင်ရင် ဆရာဝန်ထံ ပြသသင့်ပါတယ်။
ကာကွယ်ရန်
- လက် မကြာခဏဆေးပါ။
- မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို လက်နဲ့ မထိပါနဲ့။
- အစားအစာ၊ ရေသောက်တဲ့ခွက်၊ အသုံးအဆောင်တွေကို ဝေမျှမသုံးပါနဲ့။
- နှာစေး၊ ချောင်းဆိုးရင်တစ်ရှူးနဲ့ အုပ်ပြီးဆိုးပါ။ စနစ်တကျ လွှင့်ပစ်ပါ။ လက်ဆေးပါ။
- Alcohol ပါတဲ့ လက်သန့်ဆေးရည်သုံးပါ။
- နေမကောင်းတဲ့သူတွေရဲ့ ခပ်လှမ်းလှမ်းမှာနေပါ။
- ဖုန်း၊ တံခါးလက်ကိုင်၊ မီးခလုတ်၊ ကွန်ပြူတာ ကီးဘုတ်တွေကို မှန်မှန် သန့်စင်ပေးပါ။
ရေးသားသူ - Dr. May Myat Tun